ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးခရိုင်၊ အောက်ခုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အုတ်ဖြတ်စခန်းမှ စစ်ကောင်စီ တပ်သားများက အောက်ခုံရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာနေပြည်သူ ကိုဇော်လင်းနှင့် မတင်မြင့်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“ပြည်သူ ၂ ဦးက ပွဲချင်းပြီးသေဆုံးပါတယ်။ ၄ ဦး က အပြင်းအထန် ဒဏ်ရာရပါတယ်။ ဆိုင်ကယ်နဲ့ သွားနေတဲ့အချိန်တွေ ထိတာ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရှိသူ ၄ ဦးကို ဆေးကုသမှု ပြုလုပ်ပေးလျက်ရှိပြီး ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။