ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး ထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ PDF တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲ တာဝန်ခံက ဒီကနေ့ ပြောပါတယ်။
ဖြူးမြို့နယ်၊ ကျော်လှရွာနဲ့ ဆိပ်ဖူးခင်ကျေးရွာတွေကို နိုဝင်ဘာ ၃၀ ရက်မှာ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၂ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တစ်နေကုန် တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦးထက် မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သလို စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄ သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ စစ်ဒေသခွဲ တာ၀န်ခံက ရှင်းပြပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားရာ နေရာသာမက လှသင်းမောင်ရွာ၊ မန်းကျီးကုန်းကျေးရွာ၊ လယ်ပြင်လေးကုန်းကျေးရွာနဲ့ သပြေခင်ကျေးရွာစတဲ့ အနီးအနားက ကျေးရွာတွေကိုပါ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ပြည်သူ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင် နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အဆိုပါ ကျေးရွာတွေမှာ ထိခိုက်သေဆုံးသူ ထပ်တိုးနိုင်ပြီး အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲ တာဝန်ခံက ပြောပါတယ်။