ပဲခူးတိုင်း၊ ဖြူးမြို့နယ် အုတ်ဖြတ်ရဲစခန်းအနီးမှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို KNLA၊ PDF ပူး ပေါင်းတပ်မှ ယနေ့(ဇူလိုင် ၁၀) တစ်ရက်တည်း (၃)ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ ရိုးမစစ်ကြောင်း (၂)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။
ယနေ့နံနက် ၉ နာရီခွဲခန့်က အုတ်ဖြတ်တံတားစစ် ဆေးရေးဂိတ်အား KNLA၊ PDF ပူးပေါင်းတပ်မှ စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ရိုးမစစ် ကြောင်း(၂)က ပြောသည်။
ထို့နောက် ယနေ့နေ့လယ် ၁၂ နာရီတွင် အဆိုပါအုတ်ဖြတ်တံတားဂိတ်အား ဒုတိယအကြိမ်အဖြစ် စနိုက်ဘာနှင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် သားတစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟုဆိုသည်။
အလားတူ တတိယအကြိမ်အဖြစ် ယနေ့နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် KNLA၊ PDF ပူးပေါင်းတပ်များမှ အုတ်ဖြတ်တံတားဂိတ်ကို ဒရုန်းအသုံးပြု ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေ၍ သုံးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ရိုးမစစ် ကြောင်း(၂)မှတာဝန်ရှိသူက People’s Spring သို့ ပြောသည်။
“တံတားအလယ်မှာ ဂိတ်ရှိတယ်။ တံတားအောက်မှာလည်း ကင်းပုန်းတွေ ဘန်ကာတွေရှိပါတယ်။ အင်အားရာဂဏန်းတော့ ရှိမယ်ဗျ၊ ဖြန့်ထားတာ”ဟု၎င်းကဆက်ပြောသည်။
တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။
ယနေ့(ဇူလိုင် ၁၀)တိုက်ခိုက်ခံရသည့် အုတ်ဖြတ်တံတားဂိတ်အနီးရှိ အုတ်ဖြတ်ရဲစခန်းအား ဇူလိုင် ၈ ရက်တွင် KNLA၊ PDF ပူးပေါင်းတပ်များမှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။