ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF က ဗထူးတပ်နယ်ထဲ၊ အလည်ချောင်ကျေးရွာ အနီး၊ ဘုရားကိုးဆူကုန်းမှာ တပ်စွဲထားတဲ့ တပ်မ (၅၅) နဲ့ တပ်မ (၆၆) ကို စက်တင်ဘာလ ၂၃ ရက်၊ မနက် ၈ နာရီ ၃၀ မိနစ်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲက ၁၅ မိနစ်လောက် ကြာပါတယ်။ ကျွန်တော်တို့ဘက်က လက်နက်ကြီးတော့ မသုံးဘဲ မောင်းပြန်တွေ သုံးပါတယ်။ စကစ ဘက်က ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြားရတယ် ဆိုတာ အတည်ပြုနိုင် ခဲ့ပါတယ်” လို့ DPLF တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲအပြီး ရပ်စောက်-ကောင်းဘို့-ပင်းတယ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ပြီး အဲဒီ လမ်းမကြီးကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့ သိရပါတယ်။
အခုလို အခြေအနေတွေကြောင့် ဓနုဒေသအတွင်း နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်ရှိတဲ့ နေရာတွေကို ရှောင်ရှားသွားလာကြဖို့ DPLF က အသိပေးထားပါတယ်။
“ကျွန်တော်တို့ အခုလို တိုက်ခိုက်တဲ့ အခါမျိုးမှာ အခက်အခဲက အများကြီး ကြုံရတယ်ဗျ။ လက်ရှိ အခြေနေထက် ပိုပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါ၀င်မှုက အများကြီး လိုအပ်နေပါသေးတယ်” လို့ DPLF တာဝန်ရှိသူက ပြောပါတယ်။
ဒီတိုက်ပွဲမှာ DPLF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလ အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ရဲဘော်တွေ စည်းရုံးရေးဆင်းခဲ့တဲ့ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၈ ရက်နေ့ကနေ လက်ရှိအချိန်အထိ လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး – Danu People’s Liberation Front (DPLF) ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီလို ကြေညာပြီးနောက် စစ်ကောင်စီတပ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်တွေမှာ DPLF တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေ ရှိလာလို့ အင်အားတိုးချကာ လုံခြုံရေး တင်းကျပ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။