စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် ၊ ရှမ်းနီတပ် (SNA )နှင့် ပျူစောထီးများပါဝင်သည့် အင်အား ၃၀၀ ခန့်ပါစစ်ကြောင်းသုံးကြောင်း နှင့် တော်လှန်ရေးတပ်ဖွဲ့များ ကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး အသုံးပြု တိုက်ခိုက်နေသည်။
ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးရွာ၊ကြောင်လည်ရွာနှင့် မြစ်သေးချင်းရွာတို့တွင် ဖေဖော်ဝါရီလ ၅ ရက်မှစ၍ တိုက်ပွဲဖြစ်နေခြင်းဟု ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။
“တိုက်ပွဲပြင်းထန်လို့ လေကြောင်းကနေ လာပစ်တယ်။ မနေ့က။ လက်ရှိကတော့ တိုက်ပွဲဆက်ဖြစ်နေတယ်။ စစ်ကြောင်းက ဆည်ကြီးတောင်မှာအထိုင်ချထားတယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီလ ၉ရက်) နံနက်နှင့် နေ့လယ်ပိုင်းမှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပြီး စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဗန်းမောက်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်တပ်က ယမန်နေ့က လက်နက်ကြီးငါးလုံးပစ်ခတ်ပြီး ပိတ်မိနေသည့်မြေပြင်စစ်ကြောင်းကို ဆွဲထုတ်နိုင် ရန်ညကြိုးစားခဲ့သည်ဟု PDF အချို့ကပြောသည်။
ပင်ဟင်းခါးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီအင်အား များသောကြောင့် ၂၀၂၃ နိုဝင်ဘာလက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် SNA ၏ဂိတ်စခန်းတစ်ခုကို ပြန်လည်ဆုတ်ပေးထားကြောင်းသိရသည်။
သို့သော်လက်တလောတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်ကျဆုံးမှု မရှိပေ။ စစ်ကောင်စီဘက်တွင် ထိခိုက် သေဆုံးမှုများရှိသည်ဟုဒေသခံအချို့ကပြောသည်။သို့သော် သေဆုံးထိခိုက်မှု အခြေအနေကို People’s Spring ကအသေးစိတ်အတည်မပြုနိုင်သေးပေ။
ဗန်းမောက်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်ကလည်း အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီ၊SNA (ရှမ်းနီ)နှင့် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့သေးသည်။