မြန်မာပြည်မှာ ဗမာလူမျိုးအများစု တော်လှန်ရေးမှာ ပါဝင်တော်လှန်လာကြလို့ တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်မယ်ဆိုတာ လုံးဝယုံကြည်တယ်လို့ ကရင်နီတပ်မတော် (KA)ရဲ့ ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောဆိုပါတယ်။
ဒါဟာ ကရင်နီတပ်မတော် (KA) ရဲ့ ၇၅နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အတွက် အမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်းပြောဆိုတာဖြစ်ပါတယ်။
ကရင်နီလူမျိုးတွေဟာ သဘာဝဒဏ်ကို ခံနိုင်သော်လည်း နိုင်ငံရေဒါဏ်ကိုမခံနိုင်ကြပေ။ ဒါ့ကြောင့် တော်လှန်ရေးဆိုတာ လူထုကို မှန်မှန်ကန်ကန် ဦးဆောင်ရမယ်။ လူ့အခွင့်အရေးတွေကို လေးစားကြဖို့ အထူးမှာကြားလိုတယ်။ မြန်မာပြည်မှာ ဗမာလူမျိုးအများစုမှာ တော်လှန်ရေးမှာ ပါဝင်တော်လှန်လာကြပြီဖြစ်တာကြောင့် တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ ရောက်ရှိမယ်လို့ လုံးဝယုံကြည်တယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်တပ်မတော်၊ KNDF ၊ KPDFတွေကို စေတနာအပြည့်နဲ့ ကူညီပံ့ပိုးထောက်ပံ့နေကြတဲ့ ပြည်တွင်းပြည်ပက တော်လှန်ရေးဘက်တော်သားတွေ၊ ရဟန်းရှင်လူမိဘပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေကို အားလုံးကိုယ်စား အထူးကျေးဇူးတင် ဂုဏ်ပြုတယ်လို့ လည်း ဆိုပါတယ်။
ကရင်နီတပ်မတော်ဟာ ကြေးစားတပ်မဟုတ်ဘဲ မျိုးချစ်တပ်ဖြစ်လို့ ကြေးစားတပ်တွေထက်စည်းကမ်းရှိရမယ်လို့လည်း အမှာစကားမှာ သူက ထည့်သွင်းပြောကြားပါတယ်။
တော်လှန်ရေးမအောင်မြင်ရင် သားစဉ်မြေးဆက် ၇ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမှာဖြစ်လို့ ကိုယ်ကျိုးအတ္တစိတ်တွေ ခေတ္တဥပေက္ခာပြုပြီး တပ်မှူးတွေ ဦးဆောင်လမ်းပြပေးကြဖို့နဲ့ စည်းလုံးညီညွတ်ကြဖို့လည်း ဗိုလ်မှူးချုပ်အောင်မြတ်က သူ့ရဲ့ အမှာစကားမှာ ထည့်သွင်းမှာကြားသွားပါတယ်။