ဗိုလ်အယ်စေးဝါး(အဲ့စေးဝါး)၏ KTLA Lion စစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်မဟာ(၆) ကွပ်ကဲမှုအောက်သို့ တရားဝင်လာရောက်ပူးပေါင်းပြီးဖြစ်ကြောင်း KNLA တပ်မဟာ(၆) ဗျူဟာမှူး စောနယ်ဒါးထူးက ထုတ်ပြန်ခဲ့ပြီး အခြားတပ်ဖွဲ့ဝင်များလည်း KNLA နှင့်အတူ လာပူးပေါင်း၍ တိုက်ပွဲဝင်ရန် တိုက်တွန်းလိုက်သည်။
ဗိုလ်အယ်စေးဝါးသည် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဖွဲ့စည်းခဲ့သည့် KTLA လက်အောက်မှ KNLA တပ်မဟာ(၆)ထံ ပူးပေါင်းလာခြင်းဖြစ်သည်။
အဆိုပါ KTLA ဖွဲ့စည်းမှုကို KNLAက အသိအမှတ် ပြုခြင်းမရှိပေ။
လာရောက်ပူးပေါင်းသည့် ဗိုလ်အယ်စေးဝါး စစ်ကြောင်းကို နိုဝင်ဘာ ၆ရက်တွင် တရားဝင်လက်ခံလိုက်ပြီးဖြစ်ကြောင်းနှင့် KNLA တပ်မတော်သားများ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်လမ်းညွှန်ကြီးကြပ်ကာ စစ်အာဏာရှင်စနစ် ကျရှုံးရေး တိုက်ပွဲဝင်နိုင်ရန် တာဝန်များပေးအပ်သွားမည်ဟု တပ်မဟာ(၆) ဗျူဟာမှူးက အသိပေးသည်။
မဟာလူမျိုးကြီး ဝါဒနှင့် အာဏာရှင်စနစ် လုံး၀ ပျက်သုဉ်းရေး ဒီမိုကရေစီ အခြေခံပေါ်တွင် တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် အခြားသော တပ်ဖွဲ့ဝင်များကိုလည်း အတူတကွ ပူးပေါင်း တိုက်ပွဲဝင်ရန် ဗျူဟာမှူးက နှိုးဆော်ခဲ့သည်။