အခုရက်ပိုင်းမှာမြင့်တက်လာတဲ့ ဘတ်စျေးကြောင့် ပြင်ပစက်သုံးဆီစျေးတွေ တစ်လီတာကို ကျပ်သုံးထောင်နီးပါးအထိဖြစ်လာတယ်လို့ ထားဝယ်က စက်သုံးဆီရောင်းဝယ်သူတွေကပြောပါတယ်။
ဘတ်စျေးအပြောင်းအလဲနဲ့တွက်ချက်တဲ့ ပြင်ပစက်သုံးဆီဆိုင်တွေမှာ ဒီနေ့ 92 တစ်လီတာကို ၂၈၀၀ ကျော် နဲ့ 95 တစ်လီတာကို ၂၉၀၀ ကျော်အထိစျေးရှိနေသလို ဒီဇယ်တစ်လီတာ ၂၈၀၀ ဝန်းကျင်အထိစျေးရှိလာတာပါ။
စက်သုံးဆီစျေးဟာ အခုလ ၄ ရက်နေ့အထိ ၂၅၀၀ ကျော်သာရှိပေမယ့် အခုတစ်ပတ်အတွင်းနေ့စဥ်စျေးတက်လာတာဖြစ်ပါတယ်။
“တစ်ပတ်လုံးလုံး လုံးဝအတက်ပါ။ မနေ့ကတော့အတက်အကြမ်းဆုံးပေါ့။ အပြင်ဆိုင်တွေတောင် တစ်ရာဝန်းကျင်အထိခုန်တက်တာ” လို့ ထားဝယ်မြို့ကစက်သုံးဆီရောင်းသူ တစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့စက်သုံးဆီကော်မတီကစျေးနှုန်းမှာတော့ ဒီနေ့ ဓာတ်ဆီ 92 တစ်လီတာ ၂၃၅၅ ကျပ်၊ 95 တစ်လီတာကို ၂၄၆၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာကို ၂၅၃၀ ကျပ်စျေးရှိပါတယ်။
စက်သုံးဆီကော်မတီကစျေးနှုန်းဟာလည်း မနေ့က တစ်ရက်တည်း တစ်လီတာကို တစ်ရာကျော်အထိစျေးတက်ခဲ့တာပါ။
စက်သုံးဆီစျေးတွေဟာ စနေနဲ့ တနင်္ဂနွေနေ့တွေမှာစျေးပြောင်းလဲသတ်မှတ်တာမရှိတာကြောင့် ဒီနေ့စျေးနှုန်းက မနက်ဖြန်အထိစျေးငြိမ်နေမှာဖြစ်ပါတယ်။
တနင်္လာနေ့ စျေးနှုန်းအပြောင်းအလဲမှာလည်း စျေးကျနိုင်ခြေနည်းပြီး ငြိမ်တာနဲ့ထပ်တက်တာပဲရှိလာနိုင်တယ်လို့ ထားဝယ်မြို့က စက်သုံးဆီရောင်းသူတွေကခန့်မှန်းပါတယ်။
စက်သုံးဆီစျေးတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ် သြဂုတ်လ စက်သုံးဆီစျေးအမြင့်ဆုံးဖြစ်ခဲ့ပြီး 92 တစ်လီတာဟာ ပြင်ပဆီဆိုင်တွေမှာ ၃၅၀၀ လောက်အထိစျေးမြင့်ခဲ့ပါတယ်။
ထိုင်းဘတ်ငွေကတော့ မနေ့က တစ်ဘတ်ကို မြန်မာငွေ ၉၈ ဘတ်ဝန်းကျင်စျေးပေါက်နေပြီး ဘတ်စျေးနဲ့အတူ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေလည်းစျေးတက်နေပါတယ်။