ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ ကျော်လုံး ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၀၈ ခြေမြန်တပ်ရင်း တပ်စခန်းက ဘားအံမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ ရေအေး(နို့လော်ပလော) ရွာနေ စောကျောမုထု နေအိမ်ခြေရင်း လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲကာ အသက် ၃၅ နှစ်ရှိ နော်ဆဲဝါးနှင့် အသက် ၅၈ နှစ်ရှိ နော်မပြား တို့ လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စောသာရှီး၊ စောမောင်ဟန်သိန်း၊ စောကျောမုထု၊ စောမွေ့ဖိ၊ စောလဲ့ဒို့နှင့် နော်ကိကိ တို့ နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ် (ခမရ-၂၀၈) တပ်စခန်းက ကေအဲန်ယူ-ဖားအံမြို့နယ် အုပ်ချုပ်မှု နယ်မြေရှိ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသနေ ပြည်သူများ ထိခိုက် သေဆုံးမှုများ၊ နေအိမ်များ၊ ဘာသာရေး အဆောက်အဦးများ၊ ဒေသလုပ်ငန်းခွင် လယ်ယာ စိုက်ခင်းနှင့် စိုက်ပျိုးသီးနှံပင်များ ပျက်စီးနေကြောင်း သိရှိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ် ခန့်တွင် ဘီးလင်း မြို့နယ် ဝင်းတာပန်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် စက်သေနတ်များ ပစ်ခတ်ခဲ့ခြင်းကြောင့် တီးဝသာ၊ ယားမလေး၊ စောကျော်ရဲထက်၊ ဖါးကရက်ပါး ၊ နော်ဝိုင်းဝိုင်း ၊ တီးဒါး၊ တီးမောင်ချစ် တို့၏ နေအိမ်များ ထိခိုက်ပျက်စီးကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် လာရောက် ပစ်ခတ်မှုကြောင့် ဝင်းတာပန်ကျေးရွာနေ ပြည်သူလူထုများသည် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် အသက် ရှင် နေထိုင်နေကြရပြီး အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြသူများလည်းရှိကြောင်း သိရှိရသည်။