ကရင်ပြည်နယ် ဘားအံ့မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ယနေ့ ဩဂုတ် ၁၂ ရက်နေ့တွင် အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ စားနပ်ရိက္ခာများ ဝေမျှလှူဒါန်းပေးခဲ့ကြောင်း အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၏ ထိစပ်နယ်မြေအတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများကို အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နှင့် ကြက်ဥများကို အိမ်ထောင်စုအလိုက် ဝေမျှပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များမှာ တပ်ပေါင်းစု၏ ရိက္ခာများထဲမှ ဝေမျှပေးခြင်းဖြစ်ပြီး Helping Myanmar Group – Koh Phangan in Thailand အဖွဲ့၊ ရာဇသံအဖွဲ့ ၊ နွေဦးတီတီမမ အဖွဲ့နှင့် အခြား အလှူရှင်များလည်း ပါဝင်ကူညီပေးခဲ့ကြောင်း အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
ရေဘေးသင့်ပြည်သူများကို အခြေခံစားသောက်ကုန်များ ဝေမျှနေစဉ်အတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့၍ ပြည်သူများမှ ထိတ်လန့် စိုးရိမ်မှု ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရှိရသည်။