ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီထောက်ခံသူတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး လူငယ်လေးဦးအား ဖျာပုံခရိုင်တရားသူကြီးက သေဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဘိုကလေးမြို့ခံ ကိုပြည့်စုံဖြိုး ၊ကိုမင်းသူအောင်၊ကိုဇော်ဝင်းထွန်းနှင့် ကိုနိုင်ဝေလင်းတို့ကို စက်တင်ဘာလ ၁၂ ရက်တွင် ခရိုင်တရားသူကြီးက သေဒဏ်ချမှတ်ခဲ့ခြင်းဟု ဆိုသည်။
” သူဇာအေးက အမိန့်ချတာ။ ကလေးတွေ( အမိန့်ချမှတ်ခံရသူများ)က အမှုနဲ့ဆိုင်ကို မဆိုင်တာ။ ကလေးတွေက ကိုယ့်တူကိုယ့်သားအရွယ် ၂၀ပတ်ချာလည်လေးတွေ။ အမှုဖြစ်တာက မနှစ်က သင်္ကြန်တွင်းကပါ”ဟု ဘိုကလေးမြို့ခံတစ်ဦးက ပြောသည်။
၂၀၂၂ ဧပြီ ၁၄ ရက်က ဘိုကလေးမြို့ အမှတ် (၆)ရပ်ကွက်မှ စစ်ကောင်စီထောက်ခံသူ သူဇာကြီးဆိုသူ အမျိုးသမီး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ သူဇာကြီးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ချက်ချင်းသတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ရဲတပ်ဖွဲ့က မြို့ပေါ်မှ လူငယ်အများအပြားကို ဖမ်းဆီးပြီးနောက် ကိုပြည့်စုံဖြိုးအပါအဝင်လေးဦးကို မတရားဖမ်းဆီးပြီးနောက် လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားစွဲခဲ့ခြင်းဟု မြို့ခံများက ပြောသည်။ အဆိုပါ လူငယ်လေးဦးအား လူသတ်မှုကျူးလွန်သည်ဟုဆိုကာ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးက သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူကို မတရားသဖြင့် အမိန့်ချတဲ့ တရားသူကြီးတွေ တနေ့ ပြည်သူ့ကျိန်စာထိပါလိမ့်မယ်” ဟု ဧရာဝတီတိုင်းအတွင်းမှ တော်လှန်ရေးအင်အားစုဝင်တစ်ဦးက ပြောသည်။
လတ်တလောတွင် ဧရာဝတီတိုင်းအတွင်း မြို့အဝင်၊ အထွက်ဂိတ်များ၌ စစ်ကောင်စီကင်းစခန်းများ မရှိတော့ဘဲ စစ်တပ်နှင့်ရဲများက ကား၊ဆိုင်ကယ်များဖြင့် ကင်းလှည့်နေကြောင်း သတင်းရရှိသည်။