ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ အမှတ် (၆) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် CDM ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်စိုးကို မေလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဘိုကလေးမြို့ခံတွေက RFA ကို ပြောပါတယ်။
ဆရာမဒေါ်သိမ့်သိမ့်စိုးဟာ ပညာရေးဝန်ထမ်းလုပ်သက် ရှစ်နှစ်ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိုကလေးမြို့ခံတစ်ဦးကတော့ ဆရာမဒေါ်သိမ့်သိမ့်စိုးဟာ CDM တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတာလို့ RFA ကို ပြောပါတယ်။
“သူနေတဲ့ အမှတ် (၆) ရပ်ကွက်၊ (၉) လမ်းထဲကနေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာ။ ၂၃ ရက် မတိုင်ခင်တုန်းက သူ့ရဲ့အမျိုးသားက တစ်ပတ်လောက်အဖမ်းခံရသေးတယ်။ သူ့အမျိုးသားအဖမ်းခံရပြီး တစ်ပတ်အကြာ ပြန်လွတ်တဲ့နေ့မှာပဲ ဆရာမက အဖမ်းခံရတာ။ CDM တွေထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာ”
လက်ရှိအချိန်အထိ ဒေါ်သိမ့်သိမ့်စိုးကို ဘိုကလေးမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး ဘယ်လိုပုဒ်မတွေနဲ့ အရေးယူထားလဲဆိုတာ မသိရသေးဘူးလို့ ဘိုကလေးမြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒေါ်သိမ့်သိမ့်စိုးဟာ NUG ရဲ့ ဘိုကလေးမြို့နယ် ပညာရေးဘုတ်အဖွဲ့က အသိအမှတ်ပြုထားတဲ့ မှတ်တမ်းတစ်ခုတွေ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းဖမ်းဆီးခံရတဲ့ CDM ဆရာ၊ ဆရာမ ၂၉၇ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။