ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သဲတောင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား သြဂုတ်လ ၂ ရက်နေ့ကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တိုက်ပွဲ၀င်နေတဲ့ ပြည်သူ့ ရဲဘော်တွေက ပြောတယ်။
အဲဒီ ဒေသမှာ စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်း ရောက်ရှိနေပြီး တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေကာ ၂ ဖက် အထိအခိုက် ရှိနိုင်ပေမယ့် အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
“အခု တော်တော်ပြင်းထန်ပါတယ်။ စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်းအပြင် ထပ်တိုးလာနေတယ်လို့ သတင်းရပါတယ်။ အင်အားက ခုနောက်ပိုင်း တစ်ကြောင်းမှာ ၆၀ ကျော်လောက်ပဲရှိတယ်။ ဘီးလူး စစ်ကြောင်းလည်း ရောက်နေတယ်လို့ ကြားပါတယ်” လို့ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်က ပြောပါတယ်။
လက်ရှိ စစ်ကောင်စီက အင်အား ဆက်တိုက် ဖြည့်တင်းနေပြီး ဒရုန်းနဲ့ ကင်းထောက်ကာ လက်နက်ကြီး ပစ်ကူ အများအပြား အသုံးပြုနေတယ်လို့ သူက ပြောပါတယ်။
ရာသီဥတု အခြေအနေကြောင့် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု နည်းနေပေမယ့် ထိခိုက်သေဆုံးမှုများရင် လေကြောင်းက တိုက်ခိုက်လာနိုင်တယ်လို့ သူက သုံးသပ် ပြောဆိုပါတယ်။
ဒါ့အပြင် ဖရူဆိုနဲ့ ဒီးမော့ဆို ကြားရှိ ဒေါညေးခူလမ်းမှာ စစ်ကောင်စီတပ် လှုပ်ရှားမှုတွေ ရှိနေတာကြောင့် ပြည်သူတွေ အနေနဲ့ ဂရုတစိုက် သွားလာကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။