မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း ရွှေသံလွင် တိုးဂိတ်ဟောင်းအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒီနေ့ သြဂုတ် ၂၄ ရက် မနက် ၇ နာရီခွဲလောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ ပူးပေါင်းတပ်ဖွဲ့က ပစ်ချလိုက်တဲ့ ဗုံးသီးဟာ စစ်ဆေးရေးဂိတ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ခရီးသွားအရပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။
KNU သထုံခရိုင်တာဝန်ရှိသူ တဦးကတော့ ဘီးလင်းဂိတ် တိုက်ခိုက်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဘီးလင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း အချိန်တနာရီကျော်ကြာ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး မနက် ၈ နာရီခွဲလောက်မှာသာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း ဘီးလင်းစစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၅ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ထားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။