မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စုအနီး ရန်ကုန်-မော်လမြိုင်ကား လမ်းဘေးတွင် ယမန်နေ့ မေလ ၅ ရက်နေ့ ည ၉ နာရီဝန်းကျင်က စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်မှ ကရင်ပြည်နယ်ဘက်သို့အင်အားဖြည့်လာသည့် သံချပ်ကာကား လေးစီးအပါအဝင် ယာဉ်တန်း ၂၀ စီးဝန်းကျင်ကို ကင်းပုန်းချကာ လုံခြုံရေးယူပေးနေသည့် အင်အား ၅၀ ဝန်းကျင်ရှိ တပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံး ဦးဝန်းကျင် သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သထုံခရိုင်PDF ထံက သိရသည်။
“ပဲခူးဘက်ကနေ သထုံမြို့ဘက်ကို ဦးတည်လာတဲ့ တင့်ကားလေးစီးပါတဲ့ ယာဥ်တန်းကို လုံခြုံရေးယူပေးတဲ့စစ်ကောင်စီတပ်သားတွေက အလူးကျေးရွာ အလုံတောင်ဘုရား တောင်ခြေမှာ အထိုင်ချပြီး ရွာထဲဘက်ကို လက်နက်ကြီးနဲ့အရင်ပစ်တာ။ နောက် ၉ နာရီလောက်မှာ ပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်း နှစ်လုံးနဲ့ တပြိုင်နက်တိုက်ခိုက်ခဲ့တယ်” ဟု သထုံခရိုင် PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကင်းပုန်းချထားသည့် စစ်ကောင်စီတပ်သားများသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ဝင်းပြန်ကျေးရွာဘုရားကုန်းဘက်ရှိ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် ငါးချက်ဝန်းကျင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထို-သထုံလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရမှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဧပြီလ ၂၉ နေ့က ဘီးလင်းတွင် လမ်းလုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားများအား KNLA၊PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။