မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သံတံတား တိုးဂိတ်ဟောင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ် ၊ သဲဖြူချောင်း ၊ သံတံတား တိုးဂိတ်ဟောင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ UG အဖွဲ့မှ ရဲဘော်များက ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်း စစ်ဆေးရေးဂိတ်ကို လူနာတင်ကား ၂ စီး ဝင်ရောက်သွားကြောင်း သိရှိရသည်။
“ကျွန်တော်တို့ စစ်ခွေး သေစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့ နောက်မှာတော့ စစ်ခွေးဂိတ်ကို လူနာတင်ကား ၂ စီး ဝင်ရောက်သွားတယ်။ စစ်ခွေး သေစာရင်းကိုတော့ ဆက်လက်စုံစမ်းနေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။