မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ထဲက မင်းစောရွာကို မနေ့ (မတ်လ ၂၃ ) ညပိုင်းက တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီလေတပ်က ဗုံးကြဲရာမှာ ကျေးရွာ စာသင်ကျောင်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကသိရပါတယ်။
ည ၁၀ နာရီခန့် မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတာဖြစ်ပြီး ကျေးရွာ စာသင်ကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အဦး ထိမှန်ပျက်စီးသွားတဲ့ ဓာတ်ပုံတွေလည်းထွက်ပေါ်လာတာတွေ့ရပါတယ်။
အခုလို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့ မင်းစောရွာဟာ KNU တပ်မဟာ ၁ စစ်ရေးလှုပ်ရှားရာ သထုံခရိုင် နယ်မြေထဲမှာပါပါတယ်။
မင်းစောဒေသခံတစ်ဦးက စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့လူမှုကွန်ရက်မှာ မှတ်ချက်ပြုထားပါတယ်။