မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်စွန်းကျေးရွာမှာ စစ်မှုထမ်းဖို့ စာရင်းကောက်နေတဲ့ အကြမ်းဖက် လက်ပါးစေ တဦးကို မနေ့က ဧပြီ ၃ရက် ညနေ ၃နာရီ ၃၀မိနစ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)က ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်တပ်လက်ပါးစေ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူအဖြစ် လုပ်ကိုင်နေသူ ကျော်ကျော် ဆိုသူကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဦးစန်းမောင်ဆီဆိုင်ရှေ့မှာ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
တော်လှန်ရေး ပူးပေါင်းအဖွဲ့မှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အဆိုပါ ကျော်ကျော်ဟာ တောင်စွန်းအုပ်ချုပ်ရေးမှူးထက် ပိုမိုအရေးပါကာ အကြမ်းဖက် စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်ဖို့ အကြမ်းဖက် စစ်ကောင်စီက ကျင်းပတဲ့ အစည်းအဝေးတွေကိုလည်း အုပ်ချုပ်ရေးမှူးကိုယ်စား တက်ရောက်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တောင်စွန်း ဇုတ်သုတ် အစရှိတဲ့ ကျေးရွာတွေမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းဥပဒေကို အဓိက အကောင်အထည်ဖော်နေသူဖြစ်တယ်ဆိုတာနဲ့ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို စာရင်းလိုက်လံ ကောက်ခံ စုဆောင်းနေတဲ့ ပြစ်ချက်တွေကြောင့် အခုလိုပစ်ခတ်ရှင်းလင်းရတာဖြစ်တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)က ထုတ်ပြန်ပါတယ်။