မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားကျိုးကျမှုကို လာရောက်စစ်ဆေးသည့် ဌာနဆိုင်ရာ အဖွဲ့တိုက်ခိုက်ခံရပြီးနောက် ဆေးရုံတွင်ထပ်မံသေဆုံးမှုများရှိကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့က ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးခံရပြီးနောက် လာရောက် စစ်ဆေးသည့် စစ်ကောင်စီလက်အောက်ခံ သထုံခရိုင်မှူး၊ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး၊ သထုံခရိုင်ရဲမှူး၊ သထုံခရိုင်လမ်းဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များအပါဝင် စစ်ကောင်စီ တပ်ဖွဲ့ များကို KNLA ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ခြောက် ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၆ ဦးဝန်းကျင်ရှိကြောင်း သိရသည်။
“ဒဏ်ရာရသွားတဲ့ ထွေအုပ်ရုံးဝန်ထမ်း နှစ်ဦး ညနေပိုင်းမှာသေတယ်လို့သိရတယ်။ အဲ့ဒီနှစ်ယောက်မှာ တစ်ယောက်က ဦးစီးအရာရှိအဆင့်။ တခြား သုံးပွင့် အဆင့်ရှိတဲ့ တပ်နယ်မှူးရယ်၊ ခရိုင်ရဲမှူးရယ်ကတော့ စိုးရိမ်ရတဲ့အဆင့်ရှိတယ်။ စစ်ဆေးရုံမှာ ခွဲစိတ်နေရင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်လဲ သေသွားတယ်လို့သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သူ ခြောက် ဦးမှာ ခရိုင်လမ်းဦးစီးမှူးဦးဇော်မင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှဝန်ထမ်း နှစ်ဦး၊ တံတားဦးရပ်ကျေးအုပ်ချုပ် ရေးမှူးတစ်ဦး၊ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများတွင် စစ်ကောင်စီတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်မှ (လကတ -၃၀၁၄)မှ တပ်ရင်းမှူးတစ်ဦး၊ အမြောက်တပ်မှတပ်ရင်းမှူးတစ်ဦး၊ နယ်ခြားစောင့်တပ်ရင်း-၉ (သထုံ)မှ တပ်ခွဲမှူး ဗိုလ်မှူးတစ်ဦး အပါအဝင် ဌာနဆိုင်ရာအရာရှိတချို့မှာ ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း သိရသည်။
အဆိုပါကျုံအိတ်တံတား(ရွှေရောင်ပြတံတား)မှာ ရန်ကုန်-မော်လမြိုင်-မြဝတီ၊ ရန်ကုန်-မော်လမြိုင်-ထားဝယ် စသည့် ကုန်သွယ်ရေးအရအရေးပါသည့် လမ်းပေါ်တွင်ရှိနေပြီး စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း KNLAတပ်ဖွဲ့တာဝန်ရှိသူများထံက သိရသည်။