စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)မှ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်ရှိ မြို့ပေါ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ကာ သုံးဦးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
အင်အား ၅၀ခန့်ပါသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ယနေ့(ဇွန်လ ၂ရက်) နံနက် ၈ နာရီခန့်မှ စတင်ကာ မြို့ပေါ်ရွာကို ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။
“ဒေသခံတစ်ယောက်ကို သေနတ်နဲ့ပစ်သွားတယ်။ သုံးယောက်ကို ဖမ်းခေါ်သွားတယ်။ အခု မုံရွာ(နမခ)ထဲ ပြန်ဝင်သွားပြီ”ဟု အဆိုပါ ရဲဘော်က ပြောသည်။
သေနတ်ဖြင့် အပစ်ခံရသော ဒေသခံအမျိုးသားမှာ ယခုအခါ ဆေးကုသမှုခံယူနေရပြီး အသက် အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်း သတင်းရှိသည်။ သို့သော် ဖမ်းဆီးခံရသူ သုံးဦး၏ နောက်ဆက်တွဲ အခြေအနေကို မသိရသေးပေ။