စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် မောင်းသူမဲ့လေယာဥ်ငယ် သင်တန်းဆင်းပွဲအထိမ်းအမှတ် အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Chin Dwin Brothers တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
မုံရွာခရိုင်အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်း (၇)ဖွဲ့မှ သင်တန်းသား ၂၁ဦးအား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့်ပြုလုပ်သော နည်းပညာများကို ခုနစ်ရက်ကြာ ပို့ချပေးခဲ့ကြောင်း Chin Dwin Brothers တပ်ဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၅ရက်) တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ သင်တန်းဆင်းပွဲအထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ဘုတလင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ စစ်အုပ်စုဝင်များ အစည်းအဝေးပြုလုပ်နေချိန် မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီးနှစ်လုံးကြဲချ တိုက်ခိုက် ခဲ့ကြောင်း Chin Dwin Brothers တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“စခ လေးကောင်ပွဲချင်းပြီး သေသွားတယ်လို့ မြေပြင် သတင်းပေးလို့ အတည်ပြုနိုင်ခဲ့တယ်”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးကို ဆရာမင်းနှင့်အဖွဲ့၊ မြို့နယ်အုပ်ကြီးများ၊ မုံရွာခရိုင်တပ်ရင်း(၁၆)၊ တပင်ရွှေထီးနှင့် သင်တန်းသားများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Chin Dwin Brothersတပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်ကလည်း ဘုတလင်မြို့နယ်၊ ဖန်ခါးကျင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။