စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်မှ စ၍ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော CB ဘဏ်၊ အထက ကျောင်းနှင့် မိုးကိုယ်ပိုင် အထက်တန်းကျောင်းရှိ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲတိုက်ပွဲက စစ်ခွေး ၂၀ ထက်မနည်းကျပြီး အများအပြား ဒဏ်ရာရတယ်။ ဘုတလင်မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ CB ဘဏ် ၊ အထက ကျောင်း နဲ့ မိုးကိုယ်ပိုင် အထက်တန်းကျောင်း က စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ ဘက်ကလည်း PDF ရဲဘော် ၄ ဦး ထိခိုက် ဒဏ်ရာရတယ်။ မစိုးရိမ်ရတော့ဘူး ကုသမှု အချိန်မှီ လုပ်နိုင်ခဲ့တယ်” ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ အပါအဝင် မဟာမိတ် ၁၅ ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကို ခဲယမ်းနှင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။