စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မစျေး၌ စျေးလာဝယ်သည့် ရဲတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က မြို့မစျေးဆိုင်ခန်းများ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၂၆ရက်) နံနက် ၈နာရီခန့်က ဘုတလင်မြို့မစျေးသို့ စျေးလာဝယ်သည့် ရဲတပ်သား ကျော်ကိုကို ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် ဘုတလင်မြို့မစျေးသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး လျှပ်စစ်ပစ္စည်းဆိုင် သုံးဆိုင်နှင့် စားသောက်ကုန်ဆိုင် တစ်ဆိုင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
“စစ်ကောင်စီဘက်က ပြန်လည်ပြီး ရမ်းသမ်းပစ်ခတ်လို့ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ငါးဦးကျည်ထိမှန်တာတွေလည်းရှိခဲ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ဆင်ရေးပြုလုပ်ခဲ့သည့် PDF တပ်ဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်သည်ကိုမူ မသိရသေးပေ။
ပြီးခဲ့သည့် ၂၀၂၃ မတ်လ ၃ရက်ကလည်း ဘုတလင်မြို့မစျေးရှိ ဆိုင်ခန်းများကို စစ်တပ်က မီးတင်ရှို့ခဲ့ရာ ဆိုင်ခန်း၂၀ကျော် မီးလောင်ကျွမ်း ပျက်စီးခဲ့သေးသည်။
အာဏာသိမ်းစစ်တပ်သည် ဘုတလင်နယ်၌လည်း စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်နေပြီး ဖေဖော်ဝါရီ ၂၁ ရက်က ကူတော်နှင့်ရွာမွန်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀ကျော် ပျက်စီးခဲ့သေးသည်။