စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုဟာ ဒီမနက်ပိုင်း နေပူကုန်းကျေးရွာကို စီးနင်းဝင်မွှေ လုယက်ပြီးနောက် ရွာခံ အမျိုးသမီးတချို့ကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒိနေ့ မေ(၁၉)ရက် မနက်(၅)နာရီကျော်မှာ ဘုတလင်မြို့မရဲစခန်းထဲက ထွက်လာတဲ့ စစ်အုပ်စု အင်အား(၄၀)လောက်က နေပူကုန်းကျေးရွာကို သေနတ်ပစ်ဖောက် စီးနင်းဝင်မွှေပြီး ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ် သုံးစီးကို မီးရှို့ဖျက်ဆီးကာ တန်ဘိုးကြီး ပစ္စည်းတွေ ဖောက်ထွင်းခိုးယူ လုယက်ပြီးနောက် ပြည်သူ အမျိုးသမီးတွေကို ဖမ်းဆီးသွားတာလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့၀င်တွေက ပြောပါတယ်။
“ဖြစ်စဉ်က မနက်(၅)ခွဲ၊ ရွာခံတွေရဲ့ ဆိုင်ကယ် သုံးစီးကို ရွာဘောလုံးကွင်းထဲမှာ မီးရှို့ဖျက်ဆီး သွားတာ၊ အမျိုးသမီးတချို့လည်း ဖမ်းခေါ်သွားတယ်၊ ဘယ်နှစ်ယောက် ပါသွားလဲတော့ အတိအကျ မသိရဘူး”လို့ ဘုတလင်ဒေသ ကာကွယ်ရေး တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အမျိုးသမီးတွေဟာ သာမန်အရပ်သား ပြည်သူတွေဖြစ်ပြီး ဓားစာခံ လူသာဒိုင်းကာ အဖြစ် အသုံးပြုဖို့ ဖမ်းခေါ်သွားတာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
နေပူကုန်းရွာထဲ စစ်အုပ်စု ဖောက်ထွင်းခိုးယူ လုယက်သွားလို့ ရွာခံပြည်သူတွေရဲ့ ပိုက်ဆံနဲ့ ရိက္ခာပစ္စည်းတွေ ပါသွားတယ်လို့လည်း ဆိုပါတယ်။
ဘုတလင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုဟာ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးလေ့ရှိပြီး တချို့ကို သတ်ဖြတ်ကာ ပျူစခန်းနဲ့ စစ်စခန်းတွေ ရောက်ရှိချိန်အထိ အသက်မသေဘဲ ကျန်ရိနေတဲ့ ပြည်သူတွေကို ငွေနဲ့ရွေးမှ ပြန်လွှတ်ပေးတယ်လို့လည်း ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ ဘုတလင်နယ်ထဲ စစ်အုပ်စုက ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ အကြမ်းဖက်နေပြီး အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် မရွေး တွေ့သမျှပြည်သူကို ရန်ပြုသောင်းကျန်း အကြမ်းဖက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။