တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ အလစ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်လို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ကြတယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ ဝန်းကျင်ကို ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်က ဝင်ပစ်တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု တစ်နာရီအကြာဖြစ်ပွားခဲ့တယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ဆုတ်လမ်းလို့ထင်ရတဲ့ ချောင်းညီကိုရွာ၊ ရမ်းဖိုရွာ၊ ဘန်းလမွတ်ရွာတွေဘက်ကို အမတ(၃၀၆)ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခဲ့တယ်လို့ မြေပြင် တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို KTLA-TCJF နဲ့ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖြစ်ကြတဲ့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း (ဘက်မလိုက်ပြောက်ကျား၊ SWDF)၊ တနင်္သာရီရိုးမအဖွဲ့၊ တောဗုံးကြီးအဖွဲ့ တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မေလ ၃၁ ရက်နေ့က ရမ်းဖိုရွာ၊ ချောင်းညီကိုရွာနဲ့ ဘန်းလမွတ်ရွာတွေမှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့နယ်ဘက်ကို ဆင်းတဲ့ယာဉ်တန်း တမနက်တည်း သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ချောင်းညီကိုရွာက ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားတွေ လာရောက်တပ်စွဲနေတယ်လို့ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုမန်းနီးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် မြိတ်မြို့ဘက်ကနေ စစ်ကူရောက်လာပြီး ချောင်းညီကိုရွာနဲ့ကပ်ရက်ရွာတွေဖြစ်တဲ့ ရမ်းဖိုရွာနဲ့ ဘန်းလမွတ်ရွာက နေအိမ်တွေမှာ စစ်ကောင်စီတပ်သားတွေဝင်ရောက်တပ်စွဲထားပြီး တောနင်းရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
“တိုးထားတဲ့ စစ်ကောင်စီတပ်သားအင်အားတွေက ရမ်းဖို၊ဘန်းလမွတ် ပါတ်ဝန်းကျင် ပြည်ထောင်စုလမ်းမကြီးနဲ့ အတွင်းပိုင်းထဲထိ သွေးတိုးစမ်းဝင်ရောက်နေပါတယ်” လို့ အခုညနေက တိုက်ခိုက်ရာမှာ ပါဝင်တဲ့ KTLA-TCJF ရဲ့ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ တနင်္သာရီမြို့နယ်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ အခြေအနေဖြစ်နေပြီး ခရီးသွားပြည်သူတွေအနေနဲ့ မလိုအပ်ဘဲခရီးမသွားကြဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသိပေးပြောဆိုထားပါတယ်။
အခုလ ၁ ရက်နေ့ကလည်း ဆန်းသစ်ရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်မှုကြောင့် ဘန်းလမွတ်ရွာက ဒေသခံတွေစစ်ဘေးထပ်ရှောင်ခဲ့ရပြီး နေအိမ်နှစ်လုံးလည်း ကျည်ထိမှန်ပျက်စီးခဲ့ပါတယ်။