ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီး ၊ဘုရားသုံးဆူဒေသမှာ အခုလ တတိယပတ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်ရတယ်လို့ KNU က ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
ဘုရားသုံးဆူမြို့နယ်ခွဲ(ဝင်းရေး) က ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNU ၊PDF ပူးပေါင်းတပ်တွေကြား စက်တင်ဘာလ ၁၄ ရက် မှာတိုက်ပွဲဖြစ်တာပါ။
တိုက်ပွဲဟာ စက်တင်ဘာလ ၁၈ ရက်အထိ ၅ ရက်တာ ထိတွေ့ ပစ်ခတ်မှုတွေဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပါ သုံးခဲ့တယ်လို့ KNU ဒူပလာယာခရိုင်(ကြာအင်းဆိပ်ကြီး) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ဒေသခံတွေရဲ့ အိမ်ခြေ ၅၀ ခန့် ပျက်စီးခဲ့ရတယ်လို့ KNU ဒူပလာယာခရိုင်က ဆိုပါတယ်။
ခလယ်တံခွန်တိုင် ကျေးရွာအုပ်စုထဲက တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံတွေ ဟာ မိုးတွင်းကာလဖြစ်လို့ နေရာထိုင်ခင်း ၊အမိုးအကာ လုံလောက်မှု မရှိတဲ့အပြင် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
အခုလို တိုက်ပွဲဖြစ်တဲ့ ဘုရားသုံးဆူဒေသဟာ ထိုင်း − မြန်မာ နယ်စပ်အနီးမှာရှိပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ တပ်ဖြန့်ခွဲ လှုပ်ရှားရာနယ်မြေဖြစ်ပါတယ်။