ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ ထုတ်ပြန်လိုက်သည်။
မူဆလင်အဖွဲ့များမှလည်း တစ်ဖွဲ့ချင်းသော်လည်းကောင်း၊ စစ်ကောင်စီနှင့်အတူ ပူးပေါင်း၍သော်လည်းကောင်း စစ်ကောင်စီ သင်တန်းဆင်း မူဆလင်များမှ သော်လည်းကောင်း AAအား ခပ်စိပ်စိပ် တိုက်ခိုက်လာခြင်း၊ မူဆလင်မဟုတ်သည့် အခြားသော ပြည်သူပိုင်ပစ္စည်းများ ဖောက်ထွင်းခိုးယူခြင်း၊ လူနေအိမ်များအား မီးရှို့ခြင်းစသည့် ရက္ခိုင်ပြည်သူ တို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်နေသော လုပ်ရပ်များအား ဘူးသီးတောင်နှင့် မောင်တောဒေသများ၌ ဆက်တိုက်ပြုလုပ်လာ၍ ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်သည်ဟု AAက ရှင်းပြသည်။
အဆိုပါ ဒေသများ၌ ဧပြီ ၂၆ရက် မှစ၍ ည ၇နာရီ မှ နံနက် ၆နာရီ အချိန်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ၊ အမိန့်ထုတ်ပြန်လိုက်သည့်နေ့မှစ၍ ထုတ်ပြန်ချက်အား ရုတ်သိမ်းကြောင်း မထုတ်ပြန်မချင်း ဘူးသီးတောင်နှင့် မောင်တောဒေသ တွင်နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် မပျက်မကွက်လိုက်နာကြရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။
အကယ်၍ မဖြစ်မနေ သွားလာရမည်ကိစ္စများ ရှိပါက သက်ဆိုင်ရာ ULA အုပ်ချုပ်ရေးတာဝန်ခံများထံ ကြိုတင်အကြောင်းကြား ခွင့်ပြုချက် ရယူပြီးမှ သွားလာကြရန် AAက အသိပေးသည်။
စစ်ကောင်စီနှင့် AAတို့သည် ရက္ခိုင်ဒေသ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များ၌ တိုက်ပွဲများ နေ့စဉ် ရက်ဆက် ရှိနေဆဲဖြစ်သည်ဟု ထုတ်ပြန်သည်။
အထူးသဖြင့် ဘူးသီးတောင် စကခ( ၁၅)အား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေး တိုက်ပွဲများကြောင့်ဘူးသီးတောင် မြို့နယ်အတွင်း တိုက်ပွဲ များပိုမိုပြင်းထန်နေသည်ဟု ဖော်ပြသည်။
စစ်ကောင်စီကလည်း ဒေသအတွင်း မတူညီသော လူ့အဖွဲ့အစည်းများအကြားတွင် ဘာသာရေး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားလာစေရန် ကြိုးစားနေသကဲ့သို့ မူဆလင်လူမျိုးများအား စစ်သင်တန်းပေး၍ တိုက်ပွဲများအတွင်း အသုံးပြုနေခြင်း၊ မူဆလင်အဖွဲ့များအား လက်နက်များ တပ်ဆင်ပေးခြင်း စသည်တို့ ပြုလုပ်ကာ ယုတ်ညံ့သော နိုင်ငံရေးအောက်လုံးများသုံးပြီး လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ချက် ရှိရှိ ဖန်တီး လုပ်ဆောင်လျက်ရှိသည်ကို ထင်ရှားစွာ တွေ့မြင်နေရသည်ဟု AAက ထုတ်ပြန်ခဲ့သည်။