ကရင်နီပြည်နယ်၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ပိတ်ဆို့ခံထားရလို့ ရိက္ခာပြတ်တောက်မှု ကြုံတွေ့နေရပြီလို့ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲဒီ ဒေသမှာ တပ်စွဲထားတဲ့ တပ်တွေကို စစ်ကောင်စီက လွိုင်ကော် ပြည်ထောင်စု လမ်းမကြီး အသုံးပြုကာ စစ်ကားတွေနဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းတွေကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေဘက်က ပြီးခဲ့တဲ့ မတ်လပိုင်းကစပြီး လက်ရှိအချိန်ထိ ပြည်ထောင်စု လမ်းမကြီးကို အနေအထား တစ်ခု အထိ ထိန်းချုပ်လာနိုင်ချိန်မှာ စစ်ကားတွေနဲ့ ရိက္ခာ၊ လက်နက်ခဲယမ်း ပို့ဆောင်နိုင်မှု အကန့်အသတ် ဖြစ်လာတယ်လို့ ဆိုပါတယ်။
“ ဒီလမ်းပိုင်းက သူတို့ (စစ်ကောင်စီ) အတွက် ထောက်ပို့လမ်းလို့တောင် ပြောလို့ရမယ်။ အခုလည်း အလုံးစုံ ပို့လို့ မရတော့တာတော့ မဟုတ်ဘူးပေါ့။ အကန့်အသတ်နဲ့ ဖြစ်သွားတော့ အခုချိန်မှာ လက်နက်ကိုပဲ အရပို့တော့ ရိက္ခာ နည်းလာတာမျိုးပေါ့” လို့ သူကရှင်းပြပါတယ်။
ပြည်ထောင်စုလမ်းမကြီးကနေ ရိက္ခာ၊ လက်နက် ပို့ဆောင်ဖို့ ခက်ခဲနေတဲ့ စစ်ကောင်စီက လေကြောင်းကနေ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ထဲ ပို့ဆောင်ဖို့ ကြိုးစားခဲ့ပေမဲ့ တော်လှန်ရေး အင်အားစုတွေက ထောက်ပို့ ရဟတ်ယာဥ် တွေကို ကြားဖြတ် ပစ်ခတ်ခဲ့ပြီးနောက် ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိ သံလွင်မြစ်ကမ်းဒေသ ဖားဆောင်နဲ့ မယ်စဲ့ကြား ဘက်ကနေ စစ်ကောင်စီက ရိက္ခာ လမ်းကြောင်းရဖို့ ကြိုးစားနေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
“ အခုဖြစ်နေတဲ့ ကျောက်စု ဘက်ကနေလည်း ထိုးဖို့ ကြိုးစားနေတာလည်းရှိတယ်။ ထိုးနေတာတော့ နေရာ အစုံပါပဲ။ အခုလည်း ပြည်ထောင်စု လမ်းမကြီးကနေတော့ ပို့တော့လည်း ပို့နေတာပဲ။ နည်းတော့ နည်းသွားတာပေါ့ဗျာ၊ ဒီလိုသဘောပါပဲ” လို့ သူကရှင်းပြပါတယ်။
စစ်တပ်၀ါဒဖြန့် ချန်နယ်တွေမှာလည်း ကရင်နီပြည်နယ် တစ်ချို့နေရာတွေမှာ စစ်သားတွေ ရိက္ခာနည်းပါးမှုနဲ့ ပြတ်တောက်မှု တွေ့ကြုံနေရတာကြောင့် စစ်ကောင်စီ အနေနဲ့ ထောက်ပံ့ပေးဖို့ ရေးသားနေကြပါတယ်။
ဖားဆောင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ မယ်စဲ့မြို့နယ် ပန်တိန်းဒေသ ရိက္ခာဂိုထောင်အတွင်း ဆန်အိတ် ထောင်နဲ့ချီ ကျန်ရှိနေတာကြောင့် မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၀ိုင်း၀န်း ပိတ်ဆို့ထားပေမဲ့ ဘောလခဲနဲ့ ဖားဆောင်းလို ထိရောက်မှု မရှိဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လပိုင်းကတည်းက ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တပ်ဖြန့် တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။