ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ၁၂ မိုင်ကုန်း စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ Jammer စက် တစ်လုံး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Force for Federal Democracy-FFD မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ ဘောလခဲမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး Jammer စက် ၁ လုံးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးသီးမျိုးစုံ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
“မြေပြင်ရဲဘော်တွေနဲ့ အဆက်အသွယ်ကောင်းကောင်းမရသေးလို့ဗျ၊ စစ်ကောင်စီဘက်က အထိ အခိုက်အကျဆုံးကိုတော့ အတည်ပြုလို့မရသေးဘူး၊ ထွက်ပြေးလွတ်မြောက်သွားသူတွေလည်းရှိနိုင် ပါတယ်။ သေချာတော့ အတည်ပြုလို့မရသေးဘူး”ဟု Force for Federal Democracy-FFD မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို Force for Federal Democracy- FFD Drone တပ်ဖွဲ့နှင့်အတူ မဟာမိတ် တပ်ဖွဲ့များဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး(ကလလတ)၊ ဘော်လခဲ PDF တပ်ဖွဲ့များ နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း Force for Federal Democracy- FFD Drone တပ်ဖွဲ့မှ Drone ဖြင့် ဗုံးသီး စုစုပေါင်း ၄၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ၊ FFD Drone တပ်ဖွဲ့သည် ဆီဆိုင်မြို့တွင်လည်း မဟာ မိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ရေးလှုပ်ရှားမှုများပြုလျက်ရှိကြောင်း သိရှိရသည်။