ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ အပါအဝင် အဆောက်အအုံ ၁၉ ခု ပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မင်းတပ်က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ပြီး ဗုံး ၄ လုံး ကြဲချခဲ့လို့ လူနေအိမ် ၁၃ လုံး၊ ဘာသာရေးအဆောက်အအုံ ၄ ခု၊ စာသင်ကျောင်းဆောင် ၂ ဆောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မကွီအိမ်နူးမြို့ဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရတဲ့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ CDF-မင်းတပ် တာဝန်ခံက ဆိုပါတယ်။
CDF – မင်းတပ် ပြောရေးဆိုခွင့်ရှိသူက “စစ်ရေးလှုပ်ရှားမှုလည်းမရှိ၊ တိုက်ပွဲလည်းမရှိတဲ့နေရာကို ဘာကြောင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သလဲ ဆိုတာတော့ မေးစရာဖြစ်လာတယ်။ ကျနော်တို့ဘက်က တပ်ဖွဲ့တွေလည်း မရှိဘူး။ ပြည်သူလူထုကို သက်သက်မဲ့ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ပဲ ကျနော်ကတော့ သုံးသပ်မိတယ်” လို့ ပြောပါတယ်။
မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက CDF-မင်းတပ်က သိမ်းပိုက်ထားတဲ့မြို့ဖြစ်ကာ စစ်ရေးလှုပ်ရှားမှုမရှိတာ နှစ်နဲ့ချီကြာနေပြီး သာမန်အရပ်သားတွေသာ နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။