မကွေးတိုင်းက ဆောမြို့နယ်၊ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီ ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးတာတွေရှိခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှာ ကျေးရွာ ၆ ရွာကျော်ကို စစ်ကောင်စီတပ်က လေယဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပြီး ဒီတိုက်ခိုက်မှုကို တစ်ပြိုင်တည်းလုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
“ဆိပ်ဖြူ သံပုရာပင်ရွာဘက်မှာတော့ လူသေဆုံးတာတွေရှိတယ်လို့ ကြားရတယ်။ လေယာဉ် လေးစီးတက်တယ်လို့ သတင်းရပြီးတော့ နှစ်စီးက ပတ်ပစ်သွားတာ။ အထိခိုက်တွေအသေးစိတ် မသိရသေးဘူး” လို့ ဆိပ်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ကျောက်မဆင်၊ကပိုင်အနီး၊ရှားလှကျေးရွာ၊တချောင်းရိုး၊ကျွန်းပင်နဲ့ ချက်ကန်ရွာ ၊ သီဂကုန်းနဲ့ ကျောက်ဆွဲရွာနဲ့ သံပုရာပင်ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံပုရာပင် ကျေးရွာထဲကို ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား ၂ ဦးထိခိုက်သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ဆောမြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်တဝိုက်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ၁၂ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာ က NUG တရားရုံးကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့ နေ့လည်ပိုင်းကလည်း မကွေးတိုင်း မြိုင်မြို့နယ်က သာစည်ကျေးရွာကို မီးရှို့ဖျက် ဆီးခဲ့တဲ့အတွက် အိမ်ခြေ ၂၀၀ ကျော်မှာ ထက်ဝက်နီးပါး ပျက်စီးခဲ့ပါသေးတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟောင်း နိုလင်ဟေဇာကတော့ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံချိန်မှာ အရပ်သားပစ်မှတ်တွေကို မတိုက်ခိုက်ဖို့နဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေမလုပ်ဖို့ တိုက်တွန်းထားပါ တယ်။