တော်လှန်ရေး ကာလ ကြာလာပြီးတဲ့နောက် စစ်အုပ်စုရဲ့ လက်နက်စက်ရုံအများဆုံးတည်ရှိတဲ့ မကွေးတိုင်းထဲက ဘယ်စခန်းကိုမဆိုတိုက်ခိုက်နိုင်ပြီ လို့ တိုင်း PDF တာဝန်ခံ ကပြောပါတယ်။
မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တာဝန်ခံ အပတ်စဥ်သောကြာနေ့တိုင်း PVTV ကတင်ဆက်တဲ့ အစီအစဥ် မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မကွေးတိုင်း တာဝန်ခံ ကိုတံခွန်ကအခုလိုပြောခဲ့တာပါ။
မကွေးတိုင်းဟာ စစ်အုပ်စုရဲ့လက်နက်စက်ရုံတွေအများဆုံးတည်ရှိတာကြောင့် စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းအတွက် အဓိက ကျတဲ့တိုင်းတခုဖြစ်ပြီး လက်ရှိမှာတော့ မကွေးတိုင်းဧရာဝတီမြစ် အနောက်ခြမ်းဒေသတွေကိုနယ်မြေစိုးမိုးထားနိုင်တယ်လို့ MOD ကပြောဆိုဘူးပါတယ်။
အခုလို တိုက်ခိုင်နိုင်ဖို့ကာကွယ်ရေးဝန်ကြီးဌာန ကတပ်ဆင်ပေးတဲ့ လက်နက်ငယ်တွေနဲ့မလုံလောက် ပဲ တာဝေးပစ်တွေများများထုတ်လုပ်နိုင်ဖို့လိုအပ်ပြီး ကာကွယ်ရေးအဖွဲ့တွေကလည်း စစ်ဘက်ဆိုင်ရာစည်းကမ်းတွေကိုလိုက်နာပြီး အမိန့်နာခံတတ်ဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။
မကွေးတိုင်းထဲမှာ အရင်ကတပ်ရင်းနည်းပေမယ့် လက်ရှိအချိန်မှာ တပ်ရင်းပေါင်း ၅၁ ရင်းထိရှိလာပြီဖြစ်ပြီး အဖွဲ့တော်တော်များများကို ကာကွယ်ရေးဝန်ကြီးဌာနအောက်ပြောင်းလဲပေးနိုင်ခဲ့တယ်လို့လည်းပြောပါတယ်။
အရင်က ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေ က ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ခိုက်ခဲ့ကြပေမယ့် လက်ရှိမှာ တိုင်းကွပ်ကဲရုံး၊ ခရိုင် ကွပ်ကဲရေးရုံး တွေ ကနေတဆင့်စစ်ရေးစီမံချက်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ တစု တစည်းတည်းတိုက်ခိုက်နိုင်အောင် ဆောင်ရွက်နေပြီး လိုအပ်ရင် စစ်ရေးသင်တန်းတွေပါပေးပြီး စနစ်တကျတိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်။
နွေဦးတော်လှန်ရေးအစကနေလက်ရှိအချိန်အထိ မကွေးတိုင်းအတွင်းတိုက်ပွဲ (၁၃၀၀)ကျော်၊ မိုင်းဆွဲတိုက်ခိုက်မှု ချောင်းမြောင်းပစ်ခတ်မှု အကြိမ်ရေ (၂၀၀၀) နီးပါးတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု (၄၀၀၀)ကျော် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ် ။