မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းစက်ရုံတပ်က NLD ပါတီထောက်ခံသော ကွမ်းမြောင်ကျေးရွာမှ ရွာသားများကို ဖမ်းဆီးခေါ်ဆောင်ညှဉ်းပန်းနှိပ်စက်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ အမှတ် ၁၈ အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းစက်ရုံတပ်၏ တောင်ဘက် မျက်ပြာတောထဲတွင် ဗုံးတွေ့ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် ကွမ်းမြောင်ကျေးရွာသားများကို စစ်တပ်က ဝင်ရောက် ရိုက်နှက် ဖမ်း ဆီးသွားကြောင်း၊ ကွမ်းမြောင်ကျေးရွာသည် NLD ပါတီထောက်ခံသော ရဲရဲတောက်ကျေးရွာဖြစ်ပြီး စစ်တပ်က PDF များ ခိုအောင်းနေမည်ကို စိုးရိမ်၍ အကြောင်းရှာ ဖမ်းဆီး နှိပ်စက်နေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများ၏ သတင်းအစအန မကြားရတော့ကြောင်း သိရှိရသည်။
” ဗုံးတွေ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီ ဗုံးကလည်း ဘယ်pdfကမှ မလာပါဘူး။ ရွာသားတွေကို တမင်ဖမ်းချင်လို့ သူတို့ဖာသာလုပ်ဇာတ်လုပ်ထားတာ။ ကွမ်းမြောင်ရွာ တောင်သူတွေ စပါးခင်းထဲရေတင်နေတာကို စစ်တပ်က ဝင်လာပြီး ရိုက်နှက်ဖမ်းဆီးခေါ်သွားတာ။ ဖမ်းခံရသူတွေက ကိုဌေးလင်း၊ ကိုဌေးဝင်း ၊ကိုအောင်မြင့်ဇော်၊ အခြားရွာသားတွေပါခေါ်သွားတာ။ ကိုဌေးလင်းက NLD အစိုးရလက်ထက်တုန်းက ကျေးရွာဥက္ကဋ္ဌ လုပ်ခဲ့တဲ့သူ။ တစ်ရွာလုံးက NLD ပါတီထောက်ခံသူတွေပါ။ အခုထက်ထိ ဖမ်းဆီးခံထားရသူတွေ သေလား၊ ရှင်သလားမသိရဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်
ထို့ပြင် အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်က ကွမ်းမြောင်ကျေးရွာမှ လူငယ်များကို နေ့ရော ညပါ ကင်းစောင့်ခိုင်းကြောင်း ၊ ရွာ သုဿာန်ထဲမှာ ညဘက်ပိုင်း ကျေးရွာသားများကို ကင်းများစောင့်ခိုင်းကြောင်း ၊ ရွာပြင်သို့ အဝင်အထွက်များကိုလည်း စစ်တပ်က ပိတ်ပင်ထားကြောင်း သိရှိရသည်။
ထို့အတူ အမှတ် ၁၈ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်၏ မြောက်ဘက်ရှိ ညောင်မော်ရွာမှ ကျေးရွာသားများကို ရွာအနောက်ဖက် အင်တောထဲတွင် ကတုတ်ကျင်းများ တူးခိုင်းကြောင်း၊ ကျေးရွာသားများမှာ ရွာပြင်ပသို့ မထွက်ရဲ သည်အထိ ကြောက်လန့်နေကြကြောင်း သိရှိရသည်။