မကွေးတိုင်း၊ အမှတ် ၁ စစ်ဒေသရှိ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးသော လက်နက် တပ်ဆင်မှု သင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ၊ အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံးက ဦးစီးသော စုဖွဲ့ လေ့ကျင့် လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲ အခမ်းအနားကို မကွေးတိုင်းအတွင်းရှိ စိုးမိုးနယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မကွေးတိုင်းတာဝန်ခံ၊ ခရိုင်ရေးထောက် တာဝန်ခံများ၊ တပ်ရင်းမှုး/ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို အလေးပြုခြင်း၊ ကျဆုံးရဲဘော်များကို သတိရအောက်မေ့ ငြိမ်သက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ လက်နက်ပေးအပ်ခြင်း အစီအစဥ်များ ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးသီချင်းများသံပြိုင်သီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းကို တပ်ရင်းတပ်ဖွဲ့ အသီးသီးမှ PDF ရဲဘော်များနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ) တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးသော စုဖွဲ့ လေ့ကျင့် လက်နက်တပ်ဆင်မှုသင်တန်း ၇ ကြိမ်အထိ ပြီးမြောက် အောင်မြင်ထားပြီး သင်တန်းသား ၈၀၀ ကျော် တက်ရောက်ခဲ့ကာ PDF တပ်ရင်း ၂၉ ရင်း ကို လက်နက်များ တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဘတ်ဂျက်မှ ရန်ပုံငွေများ၊ အများပြည်သူလူထု၏ လက်နက်တပ်ဆင်ရေး ပရောဂျက်များအတွက် ထည့်ဝင်လှူဒါန်းမှုများဖြင့် စစ်ပညာသင်တန်းများနှင့်လက်နက်တပ်ဆင်ခြင်းများကို စဥ်ဆက်မပြတ် အားထုတ် ပြုလုပ်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ စစ်ရုံးချုပ် က ထုတ်ပြန်ထားသည်။