မကွေးတိုင်း၊ ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသူ မစုမေအောင် ဆေးကုသခွင့်မရဘဲ သေဆုံးသွားကြောင်း မကွေးတက္ကသိုလ်ကျောင်းသား သမဂ္ဂက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ မကွေးအကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မကွေးတက္ကသိုလ်၊ ဓာတုဗေဒအထူးပြု၊ ဂုဏ်ထူးတန်း CDM ကျောင်းသူ မစုမေအောင်သည် အရေပြားလေးဖက်နာ ရောဂါ၊ အဆုတ်ရေဝိုင်း၍ အသည်းကြီးကာ နှလုံးဖောက်ခြင်း ရောဂါဝေဒနာများ ခံစားခဲ့ရပြီး ထောင် အတွင်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက် မှုများမရရှိခဲ့သဖြင့် ကွယ်လွန်သွားကြောင်း သိရှိရသည်။
စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် မစုမေအောင်ကို မတရားအဓမ္မ ဖမ်းဆီးခဲ့ပြီး မကွေးဗဟိုအကျဉ်းထောင်၌ ထောင်ဒဏ် ၁၅ နှစ်မတရားချမှတ်ခဲ့ကြောင်း၊ ယင်းနောက် ကျန်းမာရေး မကောင်းမွန်သော နိုင်ငံရေးအကျဉ်းသူ မစုမေအောင်မှာ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာပဲ ချမ်းမြေ့သာယာ သုဿန်မှာ သဂြိုဟ် လိုက်ရပါတယ်။ ဘယ်သူမှ လိုက်မပို့ရဘူး။ ဘယ်သူမှ တွေ့လို့မရပါဘူး။ သေဆုံးသူရဲ့ ဖေဖေ မေမေ ညီမလေး မိသားစု ၃ယောက်နဲ့ဘဲ ပို့လိုက်ရပါတယ်။ အစကဘာရောဂါမှမရှိဘူး။ နောက်မှ ထောင်ထဲရောက်မှ ၂၀၂၃ ခုနှစ်ကုန် ခါနီး ၃ ၊ ၄ လအလိုမှ ရောဂါဖြစ်တာ။ စစဖြစ်ဖြစ်ခြင်း ထောင်အာဏာပိုင်တွေက လုံးဝဆေးကုသခွင့်လည်း မပေးခဲ့ဘူး။ ကုလည်း ကုမပေးခဲ့ကြဘူး။ နောက်ဆုံး ညီမလေးစုကို ဂရုစိုက်ကြတဲ့ နိုင်ကျဥ်းတွေနဲ့ အတူတူမထားတော့ဘဲ အခြား အမှုအခန်းထဲ ပို့လိုက်တဲ့အချိန်ကစပြီး ကလေးရဲ့ရောဂါက ပိုဆိုးသွားတယ်။ ထောင် ထဲမှာ ရောဂါကိုအံတုပီး အလူးအလဲ ခံစားခဲ့ရရှာတယ်။ ရောဂါကျွမ်းပြီး လွန်သွားမှ ဆေးရုံတင်တယ်။ ထောင်ထဲမှာ ၃ ရက်လောက် မလှုပ်တော့တာကို ရေတောင်မတိုက်ကြဘူးတဲ့ လုံးဝ အဖတ်ဆယ်မရမှ ဆေးရုံကိုပို့ကြတာ” ဟု မိသားစုနှင့်နီးစပ်သူက ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသူ မစုမေအောင် ရောဂါဖြစ်ပြီး ဝေဒနာခံစားနေရချိန် ညှဉ်း ပန်းနှိပ်စက်ခဲ့သူများတွင် ထောင်အာဏာပိုင် ညွန်မှူး ဦးမင်းမင်းစိုး (ခ) ဦးမျိုး မင်းထွန်း၊ ထောင်ပိုင် ဦးဇော်ဇော်ထွန်း ၊ အမျိုးသမီးဆောင် ဦးစီးမှူး ဒေါ်သီတာ ခင် ၊အမျိုးသမီးဆောင်ဦးစီးမှူး ဒေါ်မြင့်မြင့်နိုင်၊ ဒေါ်ခိုင်ယဥ်မွန် (၁ ပွင့်)၊ ဒေါ် အေးအေးသွယ်(ပွင့်၁) ၊ ဒေါ်ပပ (၂ပွင့်) နှင့် ဒေါ်အေးအေးမြင့် (တပ်ကြပ်ကြီး) တို့က အဓိက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးတွင် CDM ကျောင်းသူအဖြစ် ခံယူချက် ပြည့်ဝစွာ ရပ်တည်ချက်ခိုင်ခိုင်မာမာဖြင့်ပါဝင်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ မတရားအဓမ္မ ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရကာ ထောင် အတွင်းအကြမ်းဖက်နှိမ်စက်မှုများကို ရဲရဲဝံ့ဝံ့အံတုရင်း ကျဆုံးသွား ခဲ့သော မစုမေအောင် ကို မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် မကွေးတက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ တို့မှ “နွေဦးတော်လှန်ရေး၏ သူရဲကောင်း” အဖြစ် မှတ်တမ်း တင်ကြောင်း ထုတ်ပြန် ကြေညာသည်။
နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း လက်ရှိမြန်မာနိုင်ငံ တွင်ဖြစ်ပေါ် နေသော အခြေ အနေများ၏ ပကတိအမှန်တရားကိုသိမြင်ကာ မစုမေအောင် ကဲ့သို့ သော ပြည်သူလူထုအပေါ်၌ အကြမ်းဖက်စစ်ကောင်စီ၏ မတရား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လူသားဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော လူ့အခွင့်အရေးချိုးဖောက် မှုများနှင့် ယုတ်မာရက်စက်စွာ ထောင်အတွင်း အကြမ်း ဖက်မှုများ ကို ထိထိရောက်ရောက် လျှင်လျှင်မြန်မြန် အရေးယူ ဆောင်ရွက် နိုင်ရန် မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် မကွေးတက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီ တို့က တောင်းဆိုထားသည်။