စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ ပျူစောထီး ၆ ဦးသေဆုံးပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း တပ်ခွဲ ၁ Brother Defense Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နံနက် ၅ နာရီ ၅၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ကံရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်းရှိ ပျူစောထီး ၆ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော ပျူစောထီးများက တောင်ယာတော ပျူစောထီးရွာဘက်ကို ထွက်ပြေးသွားကြောင်း သိရသည်။
“ပျူ ၆ လောင်းတွေ့ရှိတယ်။ ၃၅ ကောင်လောက် ဒဏ်ရာ အပြင်းအထန်တွေရပြီးတော့ တောင်ယာတော ပျူစောထီးရွာဘက်ကို ထွက်ပြေးသွားတယ်။ ပျူခွေးစခန်းကိုတော့ မီးရှို့ရှင်းလင်းခဲ့တယ်။ လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိဘူး” ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း တပ်ခွဲ ၁ Brother Defense Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တော်လှန်ရေး ရဲဘော်များက ပြည်သူများနှင့် အိမ်မွေး ကျွဲ ၊ နွားများကို ကယ်ထုတ်နိုင်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကို ဒေသ ပြည်သူများထံ ကောင်းမွန်စွာ အပ်နှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း တပ်ခွဲ ၁ Brother Defense Force နှင့် အတူ BNRA ၊ မင်းကင်းကျောင်းသား တော်လှန်ရေးအင်းအားစု ၊ SRF မဲမှောင်လက်နက်ကြီးတပ်ဖွဲ့၊ ချင်းတွင်နွေဦးတော်လှန်ရေးတပ်ဖွဲ့ ၊ GTF နှင့် မဟာမိတ်ညီနောင်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။