မင်းတပ်နှင့်ကျောက်ထုမြို့ကြားသို့ရောက်နေသော စစ်ကောင်စီယာဉ်တန်းနှင့်ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက် တိုက်ခိုက်သွားကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
“ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်တာပါ။ မြေပြင်အခြေအနေကို မသိရသေးပါဘူး” ဟုကျောက်ထုမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီရိက္ခာတင်ကား ၉ စီးနှင့် အင်အား ၂၀၀ ကျော် လုံခြုံရေးယူထားသော စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (ဇွန်လ ၂၆ရက်) နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ မြေပြင်တွင် ပိတ်မိနေစဉ် စစ်ကောင်စီတပ်က နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဂျက်ဖိုက်တာ ဖြင့် ဗုံးကြဲသွားသည်ဟု မင်းတပ်CDF မှ ရဲဘော်တစ်ဦးကလည်း အတည်ပြုသည် ။တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
ယနေ့(ဇွန် ၂၆ )နံနက်ပိုင်းတွင် တံတားဦး ၊နေပြည်တော် ၊တောင်ငူ ၊နန့်ဆန်မှ ဂျက်တိုက်လေယာဥ်များဆက်တိုက်ပျံသန်းနေသည်ကို စစ်တပ်လေကြောင်းစောင့်ကြည့်ရေးသတင်းရင်းမြစ်များမှ သိရသည်။
တံတားဦးလေတပ်မှ အနောက်မြောက်ဖက်အရပ်သို့ ဂျက်ဖိုက်တာ ၁ စင်းမှာ ၉ နာရီ ၂၃ မိနစ်တွင်ပျံသန်းသလို ၊ ၁၀ နာရီ ၄၉ မိနစ်တွင် တစ်စင်း ၊ ၁၁ နာရီ ၂၇ မိနစ်တွင် ၂ စင်း ဆက်လက်ပျံသန်းကြောင်း Enemy Air Route ချန်နယ်ကဖော်ပြထားသည်။
ထိုအပြင် တံတားဦးလေတပ်မှ ပင် မြောက်ဘက်သို့ တိုက်လေယာဥ်တစ်စီး၉ နာရီ ၃၆ မိနစ်တွင် ၂ စင်း ပျံတက်သွားသည်။
ပခုက္ကူမှ ထွက်လာသော အဆိုပါစစ်ကောင်စီယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းသည် ကျောက်ထုမြို့နယ်သို့ ဇွန်လ ၂၀ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ယနေ့တွင် ထီးလင်းမြို့ဖက်သို့ ဆက်လက်ဦးတည်နေစဉ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီယာဥ်တန်းတွင်ခုနှစ်စီးတွင် ထောက်ပို့ပစ္စည်းများတင်ဆောင်လာပြီးနှစ်စီးတွင် စစ်ကောင်စီ အရာရှိအချို့လည်းလိုက်ပါလာသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတင်းရရှိထားသည်။
လတ်တလောတွင် ကျောက်ထု-ထီးလင်းလမ်းပိုင်း၌ လမ်းတလျောက်ဒေသခံများ သတိရှိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။