ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း CDF မင်းတပ် ထံမှ သိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၇၄ တပ်ရင်းက မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၁၀ နှင့် အသက် ၁၇ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက် ဒဏ်ရာရှိကာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အံဖကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၇ မိနစ်တွင် ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ကော့ကရိတ် အခြေစိုက် ခလရ ၉၇ တပ်ရင်း နှင့် လှိုင်ဝ အမြောက်တပ် တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ၌ နေထိုင်သည့် ဦးမြိုင်ကြည် ၊ ဦးမောင်ပု နှင့် ဒေါ်အေဘီ တို့၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူပိုင် အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း နှင့် ပြည်သူနေ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းပြီး လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်မှုများအား နေ့စဥ်နဲ့အမျှ ကျူးလွန်လျက် ရှိကြောင်း သိရှိရသည်။