ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် ယောဒေသကြားတစ်နေရာကို ယနေ့(ဇွန်လ ၁၃ရက်)နံနက် တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့သည်။
” ယောနဲ့ မင်းတပ်တိုက်နယ်(၁)ကြားကို ပစ်သွားတာပါ။ အေလာလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာက ပစ်တာ။ မြေပြင်နဲ့ အဆက် အသွယ်မရသေးဘူး။ နောက်ထက်လေကြောင်းသတိပေးချက်တွေ ရှိနေတယ်”ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
နံနက် ၈နာရီ ၄၀မိနစ်တွင် လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်ပြီး ထပ်မံ၍တိုက်ခိုက်လာနိုင်ကြောင်းလည်း သတင်းများရရှိထားကြောင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF -Mindat)ရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မေလ ၄ရက်မှ ၆ရက်အတွင်းမင်းတပ်မြို့အား လေကြောင်းတိုက်ခိုက်မှုလေးကြိမ်ပြုလုပ်ခဲ့လေသည်။ ဇွန်လ ၄ ရက် ညက မင်းတပ်မြို့နယ်၊ တိုက်နယ်(၂)ရမ်ပန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ
ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း CDF Mindatက သတင်းထုတ်ပြန်ထားသည်။