ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က မေလ ၃၀ရက်ညပိုင်း၌ လေကြောင်း တိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့ရာ အရပ်သားထိခိုက်မှုရှိခဲ့ကြောင်း မင်းတပ်ဒေသခံ သတင်းရင်းမြစ်က အသိပေးသည်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို စစ်ကောင်စီက မကြာခဏ လုပ်ဆောင်လျက်ရှိရာ မေလ ၃၀ရက် ညပိုင်းတွင် တိုက်လေယာဉ် ၂စီးဖြင့် မင်းတပ်မြို့ တိုက်နယ် (၂)ဘက်သို့ ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
” မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ ၅ ဦးခန့် ရှိတယ်လို့ ကနဦးကြားသိရပါတယ်။ ၎င်း ဖိုက်တာ ၂စီးမှ တဆက်တည်း ထီးလင်းနယ် တနေရာကိုလည်း လေကြောင်းတိုက်ခိုက်သွားတယ်လို့သိရပါတယ်”ဟု မင်းတပ်ဒေသခံက လူမှုကွန်ရက်မှ တဆင့်အသိပေးသည်။
ယနေ့ (မေလ ၃၁ရက်) နံနက်အစောတွင်လည်း ကျောက်ထုအမြှောက်တပ်မှ ထွက်လာသည့် စစ်ကြောင်းသည် ချင်း – မကွေးအစပ် ဆောမြို့နယ် ကံကြီးရွာဝန်းကျင်အနီးရောက်ရှိကြောင်း ၊ ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံက အသိပေးပြီး ပြည်သူများဂရုစိုက်သွားလာကြရန် သတိပေးထားသည်။
မေလ ၂၉ရက် ညပိုင်းကလည်း ကျောက်ထုအမြှောက်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆောမြို့နယ် တေးရွာ၊ စံရွာဘက်များကို ၁၂၀ မမ လက်နက်ကြီးများ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ချင်း – မကွေး နယ်စပ် ဆောနှင့် မင်းတပ်မြို့နယ် အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိရာ ဆောမြို့နယ် အကြည်ပန်းပလွန်းရွာကို မေလ ၉ရက်က လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၆ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။
အလားတူ မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဧပြီ လကုန်ပိုင်း၌ လေကြောင်းတိုက်ခိုက်ခဲ့ရာ လူနာများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ များ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။