ချင်းပြည်နယ် ၊မင်းတပ်မြို့တွင် ယမန်နေ့(မတ်လ ၂၁ရက်) ညနေက မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း၊ဘာသာရေးအဆောက်အအုံများ နှင့် လူနေအိမ် ၂၀၀ ခန့် ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
မတ်လ ၂၁ ရက်နေ့ ည ၈ နာရီမှ ၁၀ နာရီ ဝန်းကျင်အထိ မင်းတပ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းတို့ကြောင့် နေအိမ်၊ စာသင်ကျောင်း နှင့် သာသနာ့အဆောက်အဦများစွာ အမိုးလန် ပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲ၍ လမ်းများပိတ်ဆို့ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
မိုးသက်လေပြင်းကြောင့် လူနေအိမ်၊ကျောင်း၊ဘာသာရေးအဆောက်အအုံများပျက်စီးနေသော ဓါတ်ပုံများကိုလည်း ပူးတွဲထုတ်ပြန်ခဲ့ရာ အမိုးလန်ခြင်း၊အဆောက်အအုံ အပေါ်ပိုင်း အများစုပျက်စီးနေသည်ကိုတွေ့ရသည်။
အထက်ပါသဘာဝဘေးကြောင့် လူနေအိမ် ၂၀၀ ခန့်အထိ ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
“ရုတ်တရက်ကြုံတဲ့သဘာဝ ဘေးဖြစ်ပါတယ်။ ဒေသခံတွေကအဆင်မပြေတော့ အခြေအနေပိုဆိုးတာပေါ့။ စစ်ကောင်စီရဲ့ အန္တရာယ်လည်းရှိနေတယ်။ဒီလိုသဘာဝဘေးလည်းကြုံတော့ အခြေအနေပိုဆိုးတာပေါ့” ဟုချင်းကာကွယ်ရေးရဲဘော်တဦးကပြောသည်။
မိုးတိမ်တောင်ဖြစ်စဥ် စတင်ဖြစ်ပွားလာပြီး ဒေသအချို့၌ အချိန်အခါမဟုတ်မိုး ရွာနိုင်ခြေရှိသောကြောင့် ရာသီဥတုအခြေအနေကို သတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)ကသတိပေးထားသည်။
မတ်လ ၂၁ရက်မှ မတ်လ ၂၃ရင်အတွင်းနွေမုတ်သုံဝင်ရောက်လာနိုင်သည့် ရှေ့ပြေးဖြစ်ရပ်ကြောင့် ရေငွေ့ပါသော လေများမြန်မာနိုင်ငံပေါ်သို့ တိုးဝင်လာနိုင်သဖြင့် မိုးတိမ်တောင်များဖြစ်လာခြင်းဟု MOHADMက ရှင်းပြထားသည်။ မိုးတိမ်တောင်ဖြစ်စဉ်သည် ရုတ်တရက်လေပြင်းတိုက်ခိုက်ခြင်း၊မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ဖြစ်စေသည်။