ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးရဲဘော်များက ယနေ့ (နိုဝင်ဘာလ ၂၆ရက်)နံနက်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။
ယနေ့နံနက် ၉နာရီခွဲတွင် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခြင်းဟု ယင်းဖြစ်စဉ်ကို သိသည့် မြို့ခံတစ်ဦးကပြောသည်။
“ချင်းကာကွယ်ရေး ရဲဘော်တွေက ဝင်ပစ်တာ။ စစ်ကောင်စီ နှစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ကာကွယ်ရေးရဲဘော်တွေအန္တရာယ်ကင်းတယ်” ဟု မင်းတပ်မြို့ဒေသခံတဦးကပြောသည်။
စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပေ။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ၏ခလရ (၂၇၄)တပ်ကနေ၍ လက်နက်ကြီးပစ်ခတ်နေကြောင်းသတင်းရရှိသည်။
မင်းတပ်မြို့ ၊ဘဝသစ်ရပ်ကွက်တွင် အရှည် ပေ ၉၈၀ ရှိသော ကတ္တရာလမ်းကို ကျပ်သိန်း ၂၀၀ အကုန်ခံ၍ခင်းပြီး လမ်းဖွင့်ပွဲလုပ်ကာမင်းတပ်မြို့ပေါ် သာယာဝပြောရေးနှင့် ဖွံ့ဖြိုးရေး ဦးစားပေးဆောင်ရွက်နေကြောင်းစစ်ကောင်စီက ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာစစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။