ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယနေ့(ဩဂုတ် ၂၉ရက်) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မင်းတပ်ဒေသခံ သတင်းရင်းမြစ်က အတည်ပြုပြောပြသည်။
ယနေ့ နံနက် ၉နာရီခွဲခန့်တွင် မင်းတပ်မြို့ပေါ်၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထို့ပြင် တိုက်ပွဲသတင်းကို ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့ရာ မင်းတပ်မြို့ ဘ၀သစ်ရပ်ကွက်၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်များကို မင်းတပ်ကွန်မန်ဒိုရဲဘော်များ စာတိုက်ရုံးလမ်းခွဲအနီး၌ တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“မင်းတပ်ကွန်မန်ဒိုရဲဘော်များမှ ဝံပလွေစစ်အကြောင်း အဖြစ်သတ်မှတ်ပြီး အုပ်စု(၃)ဖွဲ့ ခွဲကာနေရာယူကြရာ စစ်ကောင်စီတပ် ရှေ့ပွိုင့်နှင့် ထိတွေ့မှုဖြစ်ခဲ့ကြတယ်လို့ သိရ။ နှစ်ဦးကတော့ ပြင်းထန်ဒဏ်ရာရရှိပြီး အော်ဟစ်အကူအညီတောင်းနေတယ်လို့သိရပြီး ကျန် စကစများမှ
အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်နေကြပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်က အသိပေးသည်။
ယနေ့တိုက်ပွဲ၌ CDF ရဲဘော်များ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။
ယခုရက်ပိုင်း မင်းတပ်မြို့ပေါ် မိုးမရွာသည်မှာ ကြာပြီဖြစ်၍ ရေအခက်အခဲဖြစ်နေသည့် စစ်ကောင်စီတပ်အနေဖြင့် ရေခပ်လို့ရသည့် နေရာများကို ကင်းလှည့်ခြင်း၊ ရှေ့ပွိုင်များကြိုလွှတ်ခြင်း၊ ကင်းပုန်းများ ထားရှိခြင်းလုပ်ဆောင်နေကြောင်းသိရသည်ဟု ဒေသခံသတင်းရင်းမြစ်က ရေးသားထားသည်။
ဩဂုတ် ၂၆ရက်ကလည်း မင်းတပ်မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်ထားသည်။
မင်းတပ်မြို့ပေါ်တွင် ဩဂုတ် ၂၃ရက်ကလည်း CDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။