ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ယနေ့စက်တင်ဘာလ ၂၉ ရက်က တိုက်နယ် ၄ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ပေါ်က စစ်ကောင်စီရဲ့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦးနဲ့ အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေး တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ် တစ်လုံးနဲ့ အိမ်သာ နှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်း ပန်းခြံအနီးမှာ မြေမြှုပ်မိုင်း နင်းမိလို့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းနဲ့ ကင်းစခန်းတွေကို CDF – မင်းတပ်က ပြောက်ကြား တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပိုပြုလုပ်နေပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုတွေ၊ မတရားစွပ်စွဲဖမ်းဆီးမှုတွေရှိတာကြောင့် ဒေသခံပြည်သူတွေ သတိပြုနေထိုင်ဖို့နဲ့ စစ်တပ်အနီးအနားမှာ မနေထိုင်ဖို့အတွက် CDF မင်းတပ်က သတိထုတ်ပြန်ထားပါတယ်။