ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယမန်နေ့ ဩဂုတ် ၂၆ရက်က ချင်းဒေသ ကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်မှ ဖောကားနှစ်စီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အဝင်ဂိတ်သို့ သွားရောက်ပြီး မြို့ပြင် ပန်းခြံအနီး ခြေလျင်ဖြင့်လှုပ်ရှားလာရာ CDF ရဲဘော် များနှင့် ထိတွေ့မှု ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၇ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ခလရ(၂၇၄)တပ်ရင်းသို့ ခေါ်သွားကြောင်း ဒေသခံက အသိပေးသည်။
ယမန်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး မြို့ပြင်မှ ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ လေးဦး ကို ဖမ်းဆီးခေါ်ဆောင်လာကြောင်း ဒေသခံက ဆိုသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ယနေ့ စစ်ရေးအခြေအနေကို မင်းတပ်ဒေသခံ သတင်းရင်းမြစ်အား မေးမြန်းရာ ယမန်နေ့က ရေးသားဖော်ပြထားသည့်အတိုင်းသာ ထူးခြားမှုရှိသေးသည်ဟု ပြောသည်။
ယမန်နေ့ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းတပ် CDF သတင်းထုတ်ပြန်မှု မရှိသေးသကဲ့သို့ တာဝန်ရှိသူအချို့ထံ မေးမြန်းရန် ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။
ဇူလိုင်လကုန်ပိုင်းကလည်း မင်းတပ်မြို့ပေါ်၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်နှင့် ရဲများကို မင်းတပ် CDFက တိုက်ခိုက်ခဲ့ရာ ရဲအရာရှိ အချို့ အပါအဝင် သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
“ပြင်းထန်ဒဏ်ရာရရှိခဲ့သော မင်းတပ်ရဲစခန်းမှူးမှာယခုလက်ရှိအချိန်တွင် ပါးတစ်ခြမ်း၊မျက်လုံးတစ်ဖက်ကွယ်သွားတယ်လို့သိရ။ မြို့နယ်မှူးမှာ ပေါင်တစ်ဖက်ကျိုးပြီး ပက်လက်ထိုင်ခုံတွင် ထိုင်လျက် အနားယူနေရတယ်လို့သိရ” ဟု ဒေသခံက အသိပေးရေးသားထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ခရိုင်ရဲမှူးမှ ရဲတပ်သားတစ်ဦးကို မသင်္ကါဘဲ ထိပ်တုန်းခတ် စစ်မေးချိန်တွင် ၎င်း တပ်သားမှ ညဖက်သေနတ်နှင့် အတူထွက်ပြေးသွားကြောင်း၊ သို့ရာတွင် အဆိုပါ ရဲတပ်သား ပြန်လည်ဖမ်းဆီးခံရပြီး နှိပ်စက်ခံနေရသည်ဟု ဒေသခံက ဆိုသည်။