ချင်းပြည်နယ် မင်းတပ်မြို့အဝင်ဂိတ်ရှိ စစ်ကောင်စီတပ်ကို မင်းတပ် ချင်းကာကွယ်ရေးတပ် (CDF) တပ်ရင်း(၁)မှ စနိုက်ပါရဲဘော်က ပစ်ခတ် ခဲ့သည့် ရုပ်သံမှတ်တမ်းကို မင်းတပ် CDFက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မင်းတပ်မြို့ အရှေ့ပြင်မြို့ဝင်ဂိတ်ရှိ စစ်ကောင်စီတပ်ကို သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီးတိုက်ခိုက်သည့်နေ့ရက်နှင့် စစ်ကောင်စီတပ် ထိခိုက်မှုအခြေအနေကို ဖော်ပြမထားပေ။
သို့ရာတွင် ထုတ်ပြန်ခဲ့သည့် ရုပ်သံမှတ်တမ်းတွင် ပစ်ခတ်သံထွက်ပေါ်လာပြီးနောက် ဂိတ်ရှိ စစ်ကောင်စီတပ်သားတစ်ဦး လဲကျသွားသည့် မြင်ကွင်းကို တွေ့ရသည်။
မင်းတပ် CDFအနေဖြင့် စက်တင်ဘာအတွင်းက မြို့တွင်း တိုက်ခိုက်မှုအပြင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေးဦးသေဆုံးကာ ၉ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။