ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၁အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံက အသိပေးသည်။
ဧပြီ ၁၁ရက် ၂နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ နေရာယူတပ်စွဲထားသည့် မီးသတ်ကုန်း အောက်ရှိ နေအိမ်များ မီးလောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာများ၌ စစ်ကောင်စီက နင်းမိုင်းများ ထောင်ထား၍ မီးငြိမ်းကူမည့်သူများမသွားရဲဖြစ်ခဲ့ရဟု မင်းတပ်ဒေသခံက ဆိုသည်။
” နင်းမိုင်းများထောင်ထားကြသောကြောင့် မီးငြိမ်းကူမည့်ပြည်သူများ မသွားလာရဲကြသောကြောင့်မီးကူးမြန်ကုန်တာလို့ကြားသိရပါတယ်။ ၎င်း နေအိမ်များမှာလူမနေသည့်နေအိမ်များဖြစ်ပြီး အိမ်ရှင်များမှာ စစ်ဘေးရှောင်ရင်းတခြားနယ်ရောက်နေကြတယ်လို့သိရပါတယ်”ဟု မင်းတပ်ဒေသခံက လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။
မီးလောင်ရသည့်အကြောင်းအရင်းကို မသိရသေဘဲ ညနေ ၆နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ဟု ဆိုသည်။
ဧပြီ ၁ရက်ကလည်း မင်းတပ်မြို့ဘ၀သစ်ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ခဲ့ပြီး နေအိမ် ၈လုံးမီးလောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။
ထိုစဉ်က မီးလောင်ခဲ့ရသည့် အကြောင်းအရင်းမှာ ပေါ့ဆမီးဖြစ်ကြောင်း ဒေသခံက ပြောပြသည်။
ညဘက် မီးလောင်ခြင်းဖြစ်၍ မီးငြှိမ်းကူမည်သူများ အပြင်မထွက်ရဲခြင်း၊ ရေရှားပါးခြင်းတို့ကြောင့် ပြည်သူနေအိမ်များ မီးလောင်ဆုံးရှုံးမှုပိုများခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။