မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ဖောကာနှစ်စီးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ် ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မင်းတုန်းမြို့ (၅)မိုင်စစ်ဆေးရေးဂိတ်မှနေ၍ ကြို့၀၊ ကာမနိုင်ရွာအနီးသို့ ခြေလျင်စစ်ကြောင်းနှင့်အတူ Faw ကားနှစ်စီး ဖြင့်လာသော ရန်သူ့စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် – သရက်ခရိုင် အမှတ် (၄) တပ်ရင်း(Eagle Force)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့မှ ပူးပေါင်းကာ ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၅၁ မိနစ်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“သူတို့ ဖောကာနှစ်စီးနဲ့လာတဲ့အချိန် ပထမဆုံးမိုင်းဆွဲတယ်။ ပြီးမှ ၄၀ မမ တစ်လုံး၊ RPG နဲ့ ထပ်ထုတယ်။ အဲဒီအချိန်မှာ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာရှိပါတယ်။ အပြန် အလှန်ပစ်ခတ်ချိန်က ၅ မိနစ်လောက်ပဲကြာမယ်”ဟု တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး စစ်ကောင်စီ အရာရှိတစ်ဦးအပါအဝင် ၂၀ ဦးခန့်ဒဏ်ရာရပြီး မဟာမိတ်တပ်ဖွဲ့များဘက်မှ အထိ အခိုက်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။
ထို့နောက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် ယူနီးဖောင်း အချို့ရရှိသော်လည်း လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုမရှိခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း(၄)က အသိပေးသည်။
အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၈၀ ခန့်ဖြင့် ကြို့ဝ၊ ကာမနိုင် ကျေးရွာများဘက်သို့ ဒီဇင်ဘာ ၁၈ရက်ကတည်း က စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်သည်။