ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီခန့်က မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာအနီး ရပ်တန့် ထားသော စစ်ကောင်စီ၏ ရေတပ်(နေဗီ)က ဇီးပင်ကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် ဦးဝင်းတင်နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဒေါ်ဌေး ဌေး နှင့် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ မမိုးမြတ်ဌေးတို့ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တစ်ချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညနေ ၆ နာရီခန့်က မင်းပြားမြို့နယ်၊ ကြပ်စင်မြစ်အတွင်း ရပ်တန့်ထားသော အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်(နေဗီ)က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မင်းပြားမြို့နယ်၊ ကြပ်စစ်မြစ်အတွင်း ရပ်တန့်ထားသော စစ်ကောင်စီ၏ ရေတပ်(နေဗီ)က သဲတန်း ကျေးရွာအတွင်းသို့ လက်နက်ကြီး ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅၆ နှစ်အရွယ် ဒေါ်အောင် ညွန့်စိန် နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး အသက် ၅၅ နှစ်အရွယ် ဦးရာကျော်မှာ ဆေးရုံသို့ပို့ဆောင် စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။
ထို့ပြင် သဲတန်းရွာနေ အသက် ၁၃ နှစ်အရွယ် မောင်နိုင်နိုင်စိုး၊အသက် ၁၇ နှစ်အရွယ် မဆန်းမေစိုး၊ အသက် ၁၉ နှစ်အရွယ် မစိုးစိုးစံ၊ အသက် ၂၃ နှစ်အရွယ် မသန်းသန်းရီ၊ အသက် ၂၉ နှစ်အရွယ် ဦး အေးကျော်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်မသာနုနှင့် အသက် ၅၈ နှစ်အရွယ် ဒေါ်လှမြသိန်းတို့ ဒဏ် ရာ အပြင်းအထန်ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။