ရခိုင်ပြည် မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးရှိ စစ်ကောင်စီ၏ တိုင်းဗဟို ၉ လေ့ကျင့်ရေးကျောင်းကို ရက္ခိုင့်တပ်တော် AA မှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင် တိုက်ခိုက်ရာ လေးရက်မြောက်နေ့အထိ စစ်ကောင်စီ၏ အရေးပါသော နေရာ ၄ ခုကို သိမ်းပိုက်ထားနိုင်ပြီဟု AA မှ ယမန်နေ့က ထုတ်ပြန်ပြောသည်။
တိုင်းဗဟို (၉) လေ့ကျင့်ရေးကျောင်းမှ ကာကင်းစခန်း (၃) ခုနှင့် အရေးပါသော နေရာတစ်ခုအား ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ သိမ်းပိုက်ထားနိုင်ပြီး တိုင်းဗဟို (၉) တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် AA မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေသည်ဟု ဆိုသည်။
တိုင်းဗဟို (၉) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေလိုလျှင့် အချိန်မီ လက်နက်ချအညံ့ခံကြရန်နှင့် လက်နက်ချအညံ့ခံသူများကို အသက်ရှင်ခွင့် ပေးမည်ဖြစ်ပြီး မိသားစုဝင်များဖြင့် နေထိုင်ခွင့်ရရှိမည်ဟု ရက္ခိုင့်တပ်တော် AA က သတိပေးနေသည်။
ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် တိုက်ပွဲများကို ဆက်လက်ဆင်နွှရင်း စခန်းတချိုအား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိသည်ဟု ဆိုသည်။
စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များနည်းတူ ပြုလုပ်နေသည်ဟု AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့တစ်ခုလုံး ပျက်စီးစေရန် ရည်ရွယ်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယမန်နေ့ ညနေ (၅) နာရီပတ်ဝန်းကျင်တွင်လည်း ပြုလုပ်နေခဲ့သည်ဟု AA က ပြောဆိုထားသည်။